Saturday, December 31, 2011

ဘယ်ဆီဘယ်ဝယ် ခေါ်တယ်မသိဘဲ


ကျွန်မခေါင်းအုံးနဘေးက စပယ်ကုံးကလေးတွေ ကို ရေတွက် ကြည့်လိုက်တယ်။ တကုံး..နှစ်ကုံး…သုံးကုံး…။ အော်…သုံးကုံးတောင်ရှိနေမှကိုး။
ကျွန်မ ဒီကိုရောက်တာ သုံးရက်ရှိပြီဘဲ။ မနက် မနက်လာနေကျ ပန်းသည်လေး ဆီက ဘုရားလှူဖို့  ရည်မှန်းပြီး တနေ့ တကုံး ၀ယ်ယူခဲ့တာပါ။ ခြောက်သွားတာတောင် ရနံ့ လေးက သင်ပျံ့ နေဆဲပေါ့။
“စပယ်”တဲ့  ။စပယ်က ကျွန်မအတွက် အရေးပါတဲ့  ပန်းကလေးဖြစ်လာလိမ့်မယ်လို့  တခါမှ မတွေးမိဘူး။တကယ်လည်း ကျွန်မချစ်တဲ့  စပယ်က ကျွန်မကို ဒုက္ခပေးလိမ့်မယ်လို့  တခါမှ မထင်မှတ်ခဲ့ မိဘူး။ အို .. မဟုတ်သေးဘူး။
ဖြူဖွေးသန့့်စင်တဲ့ စပယ်လေးတွေအပေါ် ကျွန်မအပြစ်လွှဲမချသင့်ဘူးထင်တယ်။
တကယ်တော့..” အရိုင်းစပယ် “ကသာ…။

ဟုတ်ပါတယ် “အောင်လင်း” ရဲ့  “ အရိုင်းစပယ် “
အိမ်မှုကိစ္စတွေနဲ့  အမြဲရှုပ်ပွေနေတတ်တဲ့ ကျွန်မဟာ ရုပ်ရှင်ကြည့်လေ့ကြည့်ထ မရှိပါဘူး။
ဖြစ်ချင်တော့ အဲဒီနေ့ ကမှ ကောက်ခါငင်ကာ လိုက်သွားမိတာ။
ရုံထဲမှာ မီးက မှောင်ချထားပြီ။ ကြော်ငြာလည်းဝင်နေပြီ။
အတူပါလာတဲ့  သမီးညိုရဲ့  သားလေးက ခဏလောက်ဘဲ ကြည့်ပြီး ငိုချပါလေရော။ ဘယ်လိုချော့ချော့ မရဘူး။ ကိုယ်ကြီးယိမ်းထိုးလို့ ထွက်ပေါက်ကိုဘဲ လက်ညှိုးညွှန်နေတော့တာဘဲ။ကျွန်မလဲ မနေနိုင်ဘူး ။ ညို ရုပ်ရှင် ဖြောင့်ဖြောင့် ကြည့်ပါစေတော့လို့  ခလေးကို အပြင်ခေါ်သွားမယ် မုံ့ ကြွေးမယ်လို့  နေရာကထလိုက်ပါတယ် မှောင်ထဲမှာ ကျင့်သားမရှိတဲ့  ခြေထောက်တွေက အထစ်ချော်ပြီး ပြုတ်ကျလိုက်တာ .
.ဘုရား…ဘုရား။ ဘယ်ဘက်ဒူးမှာ ပြဿနာ ပေါ်ပြီ။ လှုပ်မရ ။ကြွမရ။ ခြေထောက်က အချောင်းလိုက်ကြီး တန်းပြီး ကွေးလဲ မရတော့ဘူး။ ရုတ်ရုတ်သဲသဲကြားမှာ ရှက်ရှက်နဲ့  ဘယ်လို အိမ်ပြန်ရောက်လာတယ်ဆိုတာ ပြန်မပြောပါရစေနဲ့ ။
ကျွန်မရဲ့  နမော်နမဲ့ နိုင်မှုကြောင့် မိသားစု ပျော်ပျော်ပါးပါး တခါတလေ ထွက်လာပါမှ ဖြစ်ရလေခြင်းလို့ အားနာပြီးရင်း အာနာရင်း ကိုယ့်ကိုယ်ဘဲ အပြစ်တင်နေမိတယ်။

ရောင်ကိုင်းလာတဲ့  ဒူးကြီးကလဲ နှစ်ဆမကဘူး။ ပရုပ်ဆီတွေလိမ်း။ရေနွေးအိပ်ကပ်၊ ရေခဲ အိပ်တင် ။ ဘယ်သူမှ မနားရဘူး။
ခြေထောက်က အိပ်ယာပေါ် ချထားလို့ မရ မိုးပေါ်ထောင်ပင့်မြှောက်ထားမှ နေသာထိုင်သာရှိတာမို့  ပုံပျက်ပန်းပျက်နဲ့ ။ ခုံတွေခု ခေါင်းအုံးတွေခု အလုပ်ကို ရှုပ်နေတာဘဲ။ အိမ်သားတွေက TVကြီးလာချပေးပေမဲ့  ဘယ်မှာ ကြည့်ချင်မလဲ ။ဒိုင်ယာစီပင်တွေသောက်ပြီး နာကြင်မှုကို ခုခံကာကွယ်ရင်း ကြိတ်မှိတ်အိပ်ရင်း ရိရီဝေေ၀နဲ့ ဘဲ
မိုးလင်းခဲ့  ရတယ်။
ပြည့်သူ့ဆေးရုံကြီးမှာ ဓါတ်မှန်ရိုက်ကြည့်တဲ့ အခါ “Patella Crash “တဲ့ ။ မန္တလေးဆေးရုံကြီးကို သွားရောက် ခွဲစိပ်ကုသရမယ်ဆိုပါလား။ အလိုလေး။ မိုးကြိုးဆက်တိုက်ပစ်ချ လိုက်သလိုပါဘဲ။ ကျွန်မခေါင်းမီးတောက်သွားခဲ့ တယ်။

မန္တလေးရောက်အောင်သွားရတဲ့  ဒုက္ခက မသေးလှဘူး။ တသီကြီးပါဘဲ။ ထမ်းစင်နဲ့  လူနှစ်ယောက်က “ကယ်ရီ” လုပ်ပေးရတယ်။ အချိန်မှန်ဆိုက်တယ်ဆိုတဲ့ ရထားကို ဘုတာရုံမှာ၎နာရီတိတိ စောင့်ခဲ့ ရတယ်။
ရထားဝင်လာတော့ ဗလကောင်းတဲ့  သားလေးသူငယ်ချင်း “မျိုး “ က ပွေ့ တင်ပေးလို့  ကျေးဇူးတင်ရပါတယ်။
ရထားပေါ်မှာကျွန်မတင်မက တခြားခရီးသည်တယောက်မှာလဲ ဒီလိုမျိုးပုံဆိုးပန်းဆိုးး ပါလာသေးတာမို့ 
အော် ..ဒုက္ခ .ဒုက္ခ လို့ သာ ငြီးမိတော့တယ်။
ဘူတာမှာ မျက်နှာငယ်လေးနဲ့  ကျန်ရစ်တဲ့  သားငယ်လေးနဲ့  သမီးအငယ်လေးကို မျက်စိထဲက မထွက်ဘဲ စိတ်မချနိုင်လွန်
လို့ ရူးရလိမ့်မယ်။
ဆေးရုံရောက်တော့လဲ( ဓါတ်လှေခါးပဲ မတွေ့ တာလား ။တမင်ဘဲ တက်တာလားမသိ) ကျွန်မကိုယ်ကြီးကို လှေခါးပေါ်
ပွေ့ တင်ချီခေါ်လာရတဲ့  ခင်ပွန်းသည်က သူ့ လည်ပင်းကို ဖက်မထားကောင်းလားလို့  ငေါက်ငန်းတာကိုလဲ ခံရပါသေးတယ်။ ဒီလိုဘဲ သူက ငေါက်ငန်းနေကျပါလေ။ ဒီလိုမျိုး ငေါက်ငန်းခံရတိုင်း သူပြုဖူးတဲ့  ကျေးဇူးတရားတွေဟာ အရာမထင် မှေးမှိန်သွားစေပြီလို့  ကျွန်မခံစားမိတယ်။ ဒါပေမဲ့  ပြုတ်ကျမှာလဲ ကြောက်ရတော့ ကမန်းကတမ်းနဲ့  ရောင်ရမ်းဖက်တွယ်လိုက်ရရဲ့ ။

လိုအပ်တဲ့  စာရွက်စာတမ်းတွေ ရုံးခန်းမှာ သူဖြည့်စွက် နေခိုက် ကျွန်မမှာတော့ လူနာတွေ ပြည့်သိပ်ကျပ်ညပ်နေတဲ့  အခန်းကြီးတခုထဲ က ကြမ်းရှရှ ပေတေတေ ခုတင်တလုံးပေါ်မှာ ညှိုးငယ် နှုံးချည့် စွာ နေခဲ့ ရတယ်။ ဆရာဝန်တွေ တယောက်ြပီးတယောက်လာကြည့် တမျိုးပြီး တမျိုးပြောကြ ဘေးလူတွေက တိတ်တိတ်မနေ ဟိုမေးဒီမေးလုပ်ကြ။ စိတ်ရှုပ်ရ ။ဒီလိုနဲ့ုဘဲ သုံးရက်လုံးလုံး ဆေးသောက်ရင်း ဒုက္ခခံခဲ့ ရတယ်။
နောက်နေ့ မှာတော့ Word servant တယောက် ကျွန်မကို အစိမ်းရောင်အင်္ကျီတထည်နဲ့ cap တခုလာပေးတယ်။့
“ အို ..ကျွန်မဒီအစိမ်းပုတ်ရောင်ကြီးကို မုံးလိုက်တာ။ TV တွေမှာ ဆိုရင် ကျွန်မ ဘယ်တော့မှ မကြည့်ဘူး။အမြဲ
မျက်နှာလွှဲပြစ်ခဲ့ တာ။ခု ကျွန်မ ..အဟင့်..။
မျက်ရည်က ကျလာရော။
ကျွန်မကိုယ်ပေါ် သူတို့  အစိမ်းပုတ်ကြီးစွပ်လိုက်တယ်။ ခေါင်းမှာလဲ စွပ်လိုက်ပြီ။ ကျွန်မကို ခွဲ စိတ်ခန်းပို့ ကြတော့မယ်။
“ရေသောက်မထားနဲ့  “ တဲ့ ။
ကျွန်မရဲ့ ရေးကြီးသုတ်ပြာ လုပ်မှုတွေက ကောင်းကျိုး မပေးခဲ့ ဘူး။ ခုကျွန်မနောင်တရနေပါပြီ။ “အရိုင်းစပယ် “ ကြည့်ချင်အုံးဟဲ့  လို့  မဆီမဆိုင် အပြစ်ဖို့ နေမိသေးတယ်။

မနက်၉နာရီမှာ ကျွန်မကို တွန်းလှည်းတခုပေါ် တင်ခေါ်သွားကြတယ်။ မျက်နှာလေးဇီးရွက်လောက်နဲ့  ပါသွားတာပါ။ ဓါတ်လှေခါးတခုကနေ အင်း ..အဆင်းလား အတက်လား သေချာမသိ။ သွားတယ် ။ ကွင်းပြင်ကျယ်ကြီးတခုကို ဖြတ်တယ်။ တွန်းလှည်းဟာ သမံတလင်းပေါ်မှာ ဂျောင်းဂျောင်း ဂျိမ်းဂျိမ်း ဂျိုင်း ဂျိုင်း နဲ့ အို .. ဆူညံ ပွက်လောရိုက်လို့ ။ ဗုံတီးနေသလား။ ငရဲပြည်ကငရဲသားတွေ ထင်တယ်။ မဟုတ်ရင် အဖရိက လူရိုင်းတွေထင်ရဲ့ ။

သားကြီး”အောင် “ နဲ့  သူ့ အဖေက တွန်းလှည်းကို အမှီ နောက်က ပြေးလိုက်လာကြတယ်။ တွန်းလှည်းကကျွန်မကို ဘယ်ဆီဘယ်ဝယ် ခေါ်နေတယ်မသိ။ အလို..ဒါ သချိုင်းတခုကိုများလား။ ကျွန်မကို အသုဘချနေရော့လား။ စိတ်တွေ လှုပ်ရှားရင်ခုန်လိုက်တာကွယ် ။ ဘယ်လိုမှ ထိန်းချုပ်လို့  မရဘူ။ယောက်ယက်ခတ်နေတယ်။
နားကလောအောင် တ၈ျုံးဂျုံး တဂျိမ်းဂျိမ်းနဲ့  ဘယ်ဆီ ခေါ်နေသလဲ။တွေး ပြီးရင်းတွေး ဗျာများနေမိတယ်။ အချိန်တွေ ကြာလွန်းလှချည်ရဲ့ ။

ဒါပေမဲ့  တွန်းလှည်းက အခန်းကျယ်ကြီးတခုရှေ့ ရပ်သွားပါပြီ။ အို ကျွန်မကို လူနှစ်ယောက်က မပြီး ခွဲစိတ်ခန်း ကုတင်ပေါ်တင်လိုက်ကြတယ်။ ဂျောင်းကနဲ တခါးကြီး ပိတ်သွား တော့ လန့် လိုက်တာ။ နောက်မှာ ဘယ်သူမှ ပါမလာကြတော့ဘူး။တယောက်တည်း အားငယ်လိုက်တာ။ ဘုရားရှိတယ်လို့ တော့ ဆင်ချင်မိပါရဲ့ ။
ကျွန်မခေါင်းပေါ်က အ၀န်းအ၀ိုင်းတွေ က ဘာတွေလဲ ။ ရောင်စုံဆလိုက်တွေလား။ မုန်းစရာ။ ကျွန်မကိုယ်လေးကတော့ လင်းလက်မနေပါဘူး။မှေးမှိန်ဖျော့တော့ ပျောက်ကွယ် သွားမတတ်။
ယူနီဖေါင်းအစိမ်းဝတ် လူတွေ mask အစိမ်းတွေနဲ့ ဘဲ။ ကျွန်မဘေးမှာ ရပ်နေတယ်။ တယောက်က” ကြောက်သလား “တဲ့ ။ “ ကြောက်တာပေါ့ “
လို့  ကျွန်မဖြေပေမဲ့  သူ ကြားပုံမရဘူး။ “ မကြောက်နဲ့ နော်..ခဏလေးသည်းခံ မနာဘူး။ငြိမ်ငြိမ်နေရင် ရပြီ “ တဲ့ ။
ဆက်ပြောတယ် ။ “ “ဟုတ်..ဟုတ် “
ဒီလိုတော့လဲ ကျွန်မက ဆရာဝန်စကားကို နားအထောင်သား။

ဆေးရုံဆေးခန်းအနံ့ တွေက တကယ့်ကို မသတီစရာပါဘဲ။ ဘယ်လို ကြီးပါလိမ့် မူးလိုက်တာ။ချာချာလည် နေတယ်။
ဟော ..။ကြားရဲ့ လား။ ကျွန်မရဲ့  ခါးဆစ်ရိုးထဲ ထုံဆေးထိုးမတဲ့ ။ တယောက်က တယောက်ကို “ ON “ ခိုင်းတယ်။ နောက်တယောက်က ကျွန်မကို “ ပုဇွန်ထုပ်ကွေးကွေးပါ”တဲ့  ၊ ဘုရားရေ ..။ ရက်စက်လိုက်တာ။ ဘယ်လိုမှ ကွေးမရ။ တယောက်ယောက်က ခပ်ကြမ်းကြမ်းဆွဲယူ ကွေးညွတ်ပြစ်တယ်။ အမေ့..။
ချိုးဖဲ့ လိုက်သလားကွယ်။ ဒါပေမဲ့  ကျွန်မ မအော်ပါဘူး။ အမေ့ တလုံးဘဲ။ အသည်းခိုက်အောင်နာပေမဲ့  ခပ်မဆိတ်သည်းခံ
ခဲ့ တယ်။ ဒုတ် ကနဲ အရိုးထဲဆေးဝင်သွားပြီး ခဏအကြာ ကျွန်မရဲ့  ခန္ဒာကိုယ်တခုလုံး တဖြည်းဖြည်းမှုံဝါး ပျောက်ကွယ် သွားတယ်။
အို ...အကြောက်တရားက ဖုံးလွှမ်းသွားပလားဆိုမှဖြင့်  အသိဥာဏ်က ကင်းဝေးသွားတော့တာဘဲ။
ကျွန်မရဲ့  ၀ိညာဉ်ဟာ ကျွန်မရဲ့  ခန္ဒာကိုယ်ထဲကနေ လွင့်စင် ထွက်ခွာသွားတယ်။ လေထဲမှာပေါ့ပေါ့ပါးပါးလေး မျောနေတယ်။

ဘယ်ဆီ ဘယ်ဝယ်ကိုလဲကွယ်။ ကျွန်မ၀ိညာဉ်ကို ဘယ်သူနှုတ်ယူ ခေါ်ဆောင်နေသလဲ။

အလို...STAGE SHOW ပွဲလေး တခု..ရှေ့ မှာ ။
သားကြီး “အောင် “ ရယ် “စောဝီဖရက်ဒ် “ ရယ် ။ “ စောကလေး ရယ် “ “ ကိုတင်ဝေ “ ရယ်။ ဂစ်တာတွေ တီးခတ်နေကြတယ်။ သမီးညို ရယ် သမီးစုရယ် “စောဝီဖရက်ဒ်”ရယ် ၊တေးသီချင်းတပုဒ်ကို သံပြိုင်သီဆိုလို့  ..။
နားထောင်စမ်း။ လွမ်းဖို့ ကောင်းလိုက်တာ။

“ ၀ိညာဉ် ..စိမ့်ရှိုင်းနက်တယ် .. ကလူသလို .လူကို မြှူဆွယ် ..ကျီစယ်….. ဘုရားသခင် ရှေ့  ကျွန်ုပ် ရောက်တယ်
ဖြည်း ဖြည်း လေး နဲ့  ငြိမ့် ငြိမ့် ဖလး သယ် … “

အသံတွေက တူတူညီညီ စီစီကလေးနဲ့  သာယာလွန်းလှတယ် ။ရင်မှာ လှပ်ကနဲ …လှပ်ကနဲ ..။

“ ငွေစန္ဒာအရောင် ..ပြိုးပြိုးပြက်ပြက်ဆောင်…မမြင်ဖူးးလို့  ..တော်တော် ကြာအောင်..ငေးမော ကြည့် တယ် .. တိမ်လွှာဆိုင်လို …ပေါ့ပေါ့ပါးပါး ကွယ် “

ဟုတ်တာပေါ့။
တကယ့်ကို
ပါးပါးလှပ်လှပ် ကလေး။ပေါ့ပေါ့လေး။

လျှပ်စစ်မီးများထိန်ညီးနေတယ်။ ကျွန်မရဲ့  ခန္ဒာကိုယ်ဟာကတော့ တိမ်လွှာပြင် ပြားချပ်ချပ်လေးလို ..ဖြည်းဖြည်းလေး ကြယ်တာရာလေးတွေကြားမှာ ..
ရွေ့  မျောနေပါလား။
စင်အောက်က ပ၇ိသတ်တွေ တုတ်တုတ်မှမလှုပ် .ဂီတရေယာဉ်ထဲ ..တိတ်ဆိတ်စွာ လိုက်မျောနေကြတယ်။

“ တမလွန် ဘုံ မှာ အိပ်စက်ရဖို့  ကွယ် .. “ တဲ့ ။ ဘယ်သူ ဘယ်ကို ညှို့ငင် ခေါ်ဆောင် သယ်ယူနေသလဲ။ ကျွန်မ မသိနိုင်ပြီ။
ကျွန်မ ဦးဏှောက်တွေ ဆူဝေလျှံထွက်နေခဲ့ ပြီလား။
“ ဘယ်ဆီ ..ဘယ်ဝယ် ..ခေါ်တယ် မသိဘဲ . …”
“ အသိခက်ပြီ နော်ကွယ် …တယောက်ထဲ လဲ လိုက်ခဲ့  ပြောတယ် . တမလွန်ဘုံမှာ အိပ်စက်ရဖို့ ကွယ် ...”

တကယ်ပါဘဲ ရွေ့ ရွေ့ ကလေး ..ရွေ့ တယ် ဆိုရုံလေး။ slow motion ကလေး။

ရုတ်တရက် ..တိတ်ဆိတ်နေတဲ့  ခွဲစိပ်ခန်းမကြီးဟာ ပြန်လည် လှုပ်ရှားသက်ဝင်လာတယ်။
“ အိုကေ “ တဲ့ ။
အိုကေ ဆိုပါလား။ ဘာလဲ အိုကေ။
ခံစားမှု ကင်းမဲ့နေတဲ့  ကျွန်မ ခန္ဒာကိုယ် ကြီးကို သူတို့  ဆွဲမပြီး တွန်းလှည်းပေါ် တင်လိုက်ကြတယ် ။
ဟော ..။ကြားရပြန်ပြီ။ မညီမညာနဲ့ ။ ဆူပွက်နေတဲ့ 
ငရဲ သားတွေရဲ့  ဗုံသံတဲ့ လား။
တွန်းလှည်းရဲ့  ဘီးနဲ့  သမံတလင်းနဲ့  ထိတွေ့ မှုက မိုးခြုံးသံလို .မနားတမ်း ဂျိမ်းဂျိမ်း ဂျိုင်းဂျိုင်း နဲ့  ရိုက်ခတ်နေတယ်။
ဒါဟာ တနည်းအားဖြင့် ကျွန်မရဲ့  အသိဥာဏ်ကို ပီပြင်စေခဲ့ ပုံရတယ်။ ဟုတ်တယ်။ ကျွန်မ ခွဲစိပ်ခန်းက လွတ်မြောက်ခဲ့ ပြီထင်တယ်။
ကျွန်မ အိပ်ပျော်သွားတယ်။

ကျွန်မအိပ်ယာကနိုးလာချိန်မှာတော့ ညနေခင်း ဧည့်လာချိန်ပေါ့. ။အမလေး လေ့ ။နှစ်ရှည်လများ အိပ်မောကျနေတဲ့  Sleeping Beauty ကလေးများလား ကျွန်မကိုယ်ကျွန်မ ထင်နေသေးတော့။
သားကြီးနဲ့  ချွေးမလေးက “ နာလားမေမေ “
တဲ့  ။ကျွန်မက မျက်ရည်ကလေးဝဲ ပြီး “ နာတာပေါ့“ လို့  မပွင့်တပွင့် ဖြေလိုက်တယ်။
သူတို့ ဖေဖေကြီးက “ အေးပေါ့ ..ထုံဆေးပြယ်သွားတော့ နာတာပေါ့ ခဏပါ မနက်ဆို ပျောက်ပြီ “တဲ့။ ဆေးပြင်းလိပ်ကြီးခဲ ပြီး ပြုံးပြုံးဖြီးဖြီး ဆိုတယ်။

နောက်နေ့ မှာတော့ ကျွန်မကို အခန်းပြောင်းပေးလိုက်တယ် ။ ငရဲခန်းလိုဘဲ။ အော်သူအော် ။ ငိုသူငို။ ဆူသူဆူ။ တသူ တ။ တယောက်တမျိုးနဲ့ ။ ပွက်လောရိုက်လို့  ။ ပုံသဏ္ဍာန်ကစုံမှစုံ ။
လက်ကျိုးတဲ့ သူ။ ခြေကျိုးတဲ့ သူ။ တင်ပါးဆုံ ရိုးကျိုးတဲ့ သူ။ ခါးဆစ်ရိုး ကျောရိုးပြုတ်တဲ့ သူ မျိုးစုံနေတာပါ။ အခန်းက ကျယ်သလောက် တိုးလျိုပေါက် မြင်နေရတယ်။ ဘာမှ အကာအကွယ်မရှိဘူး။ အော် ..မကောင်းဆိုးဝါးတွေနဲ့ အိပ်မက် ကမ္ဘာထဲမှာ တလူးလူး တလွန့် လွန့်  လုံးထွေးကျင်လည်ခဲံ့ရတဲ့ နေ့ တွေ မနည်းပါလား။ ဒါဟာ ဘယ်မှာ အမြဲ ရှိမလဲ။ နေ့ သစ် အလင်းသစ်တခု တော့မုချမလွှဲ ပေါ်ထွန်းလာရမှာဘဲ မဟုတ်လား။ ဟော !
“ ပန်းယူအုံးမလား “ တဲ့ ။ စပယ်ပန်းသည်လေး လာနေပြန်ပြီ။ “ တကုံးပေးပါကွယ် “ လို့  ကျွန်မကပြောတော့
“ သုံးကုံးယူလိုက်ပါလား” တဲ့ ။ ကျွန်မပြုံးနေမိတယ်။ ဒါဟာ ကျွန်မအတွက် ပြက္ခဒိန်မှာ ရေးခြစ်ဖို့ မလိုတဲ့  အမှတ်သညာတခုပါဘဲ။ စပယ်ကုံးလေးတွေ ညိုးခြောက်သွားပေမဲ့  ကျွန်မ လွှင့် မပစ်ခဲ့ ပါဘူး။ ခုဆိုရင် ရှစ်ကုံးတောင် ရှိနေပါပြီ။ ဒီမှာ ရှစ်ရက် ကြာပြီမို့  နောက် နှစ်ရက်ဆို ကျွန်မ အိမ်ပြန်နိုင်တော့မှာပါ။
ပျဉ်းမနားမြို့က ဆရာမကြီး ဒေါ်ခင်နွဲ့ရီရဲ့ သား ဒေါက်တာ ဇော်မျိုးလွင် ကဆို ညတိုင်း ကျွန်မကို လာလာပြီး အားပေးရှာပါတယ်။ခြေထောက်ကို လေ့ကျင့်ခန်းများများလုပ်ဖို့  ပြောရင်း လုပ်နည်းလုပ်ဟန်ပါ ပြသပေးတာမို့  ကျေးဇူးတင်ရပါတယ်။
ဆေးကျောင်းသားတွေ တအုပ်ကြီးနဲ့  ဆရာဝန်တယောက်က ဆို ကျွန်မရဲ့  ပုံဆိုး ပန်းဆိုး ဒူးခေါင်းကြီးကို ပြ ပြ ပြီး လက်ချာပေးရတာ အမော။ ကျွန်မမှာ ရှက်ရှက်နဲ့  အောင့်အီးသည်းခံခဲ့ ရတယ်။
အဲဒီနေ့ က ခလေးတွေ အဖေပေါ့။ တနေကုန် ပေါ်မလာဖူး။ မနက်အစောပိုင်း ရေနွေး ဖြည့်ပေးခဲ့ အပြီး ပျောက်သွားလိုက်တာ သားနဲ့  .ချွေးမကလေးက ခေါက်ဆွဲထုပ်တွေ အချိုရည် ပုလင်းတွေ လာပို့ လို့ သာ တော်တော့တယ်။

ဆေးရုံက ဆင်းတယ် ဆိုပေမဲ့ လဲ ထမ်းစင်က မလွတ်သေးပါဘူး။ အလာတုံးကလိုဘဲ။ ထမ်းစင်နဲ့ သယ်။ လူတွေ ပွေ့ ချီ
ပွေ့ ချ။ ကိုယ်သာမက သူတပါးကို ဒုက္ခရောက်.စေပီးမှ အိမ်ပြန်ရောက်ခဲ့ တာမို့  စိတ်မကောင်းဘူး။

ဆေးရုံ က အထွက်မှာWork Servant တယောက် ပေးလာတဲ့  ဂျိုင်းထောက်ကြီးကို ကျွန်မ သာမန်အချိန်တွေတုံးကတောင် ရဲရဲမကြည့်ဝံ့ခဲ့ ဘဲနဲ့  ခုအခါမှာတော့ လက်ရှိအချိန်ကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့  နဲ့  အယင်အတိုင်းကျန်းမာသန်စွမ်းတဲ့  ဘ၀တခုကို ပြန်လည် ပိုင်ဆိုင် ရယူဖို့  ခွန်အားတခုအနေနဲ့  ကျွန်မ သူ့ ကို မှီတွယ်ရမယ် မဟုတ်လား။

မကြည့်ဝံ့ ကြည့်ဝံ့ နဲ့  မထိဝံ့ထိဝံ့နဲ့ ဘဲ ပေစောင်းပေစောင်း ကြိုဆိုလက်ခံ လိုက်ပါတယ်။ ။

(ခွဲစိပ်ထားတဲ့ ဒါဏ်ရာကိုနေ့ စဉ် ၀တ္တရားမပျက် အိမ်တိုင်ယာရောက် dressing လုပ်ပေးရင်းအားပေးစကားပြောတတ်တဲ့  ဆရာမလေး “အေး”ကို အထူးကျေးဇူးတင်ပါတယ်)

ခင်မေသစ် (florist)

ဇီဝက မဂ္ဂဇင်း အမှတ် ၁၆၅ အောက်တိုဘာလ ၂၀၀၈ တွင် ပါရှိပြီး။

No comments:

Post a Comment